Menu Filter

Koe Htat Gyi Pagoda ကိုးထပ်ကြီးဘုရား

Koe Htat Gyi Pagoda

Sanchaung, Yangon

Tags: Koe Htat Gyi Pagoda, Pagoda

အတုလာဓိပတိ မဟာမုနိသကျဘွဲ့အမည်ရတဲ့ ကိုးထပ်ကြီးရုပ်ပွားဆင်းတုတော်မြတ်ကြီးဟာ ရန်ကုန်တိုင်း ဒေသကြီးအနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်ရှိ ဗားကရာတိုက်အတွင်း တည်ရှိပါတယ်။ ဗားကရာချောက်နဲ့ ရှမ်းလမ်းတို့အကြားမှာ ဖြစ်ပါတယ်။ ကိုးထပ်ကြီးဘုရားကို သာသနာတော်နှစ်၂၄၄၉ ခုနှစ်၊ ကောဇာသက္ကရာဇ်၁၂၆၇ခုနှစ်၊ ၀ါခေါင်လဆန်း ၁၀ရက် (၉-၈-၁၉၀၅) ဗုဒ္ဓဟူးနေ့ နံနက် (၆:၃၀) အချိန်မှာ တည်ထားကိုးကွယ်ခဲ့ကြောင်း သိရပါတယ်။
ကိုးထပ်ကြီးဘုရားက ခေတ်ကာလအလျောက် ရန်ကုန်မြို့ရဲ့ ကြီးကိုးကြီးမှာပါဝင်နေပြီး သမိုင်းဝင်ဘုရားတစ်ဆူ ဖြစ်ပါတယ်။ ကြီးကိုးကြီးမှာ (၁) ကိုးထပ်ကြီး (၂) ခြောက်ထပ်ကြီး (၃) ငါးထပ်ကြီး (၄) မဟာမင်္ဂလာဆုတောင်းပြည့်ဘုရားကြီး (၅) ကြေးသွန်းဘုရားကြီး (၆) ရွှေခေါင်းလောင်းတော်ကြီး (၇) နောင်တော်ကြီး (ဂ)ချမ်းသာကြီး (၉) ရဟန္တာသိမ်တော်ကြီး တို့ဖြစ်ပါတယ်။ တစ်နေ့တည်းအပြီးသွားရတာ ဖြစ်ပါတယ်။
ကြီးကိုးကြီးအဓိဋ္ဌာန်အရ ကိုးထပ်ကြီးဘုရားမှာ စဝင်ရတာဖြစ်လို ့တနင်္လာနေ့တိုင်း နံနက် (၉) နာရီမှာ အဓိဋ္ဌာန်ဝင်ကြ၊ ပုတီးစိတ်ကြ၊ ဘုရားဝတ်ပြုသူများနှင့် တိုးမပေါက်အောင် စည်ကားနေတာကို တွေ့့ရပါမယ်။ ကိုးထပ်ကြီးဘုရားကို” တစ်ရက်မရောက်လျှင် တစ်ခေတ် နောက်ကျသွားနိုင်သည်” လို့ ပြောရလောက်အောင် ပင်ကိုးထပ်ကြီးဘုရားရဲ့တန်ခိုး အလျှောက်အကျိုးမြောက်အောင် ထိုးဖောက် ပွင့်လင်းလာတာကို မျက်မြင်ဖူးတွေ့ပြီး ထူးပေ့ဆိုတဲ့အရာ၀တ္ထုများကို ကြုံတွေ့ခံစားရမယ်လို့အဆို ရှိပါတယ်။
ကိုးထပ်ကြီးဘုရားအကြောင်းကို အကျဉ်းမျှတင်ပြပါမယ်။ လွန်ခဲ့တဲ့ နှစ်ကိုးဆယ်ကျော် ကာလကရတနတ္တယဂုဏ်ရည်ကို ယုံကြည်ကိုးစားတဲ့ ဦးကြင်-ဒေါ်ငွေဇံဆိုတဲ့ ဇနီးမောင်နှံဟာ ယခုကိုးထပ်ကြီးဘုရားတည်ရှိရာ ဌာနကုန်းမြေမှာ ယာယီတဲငယ်ထိုးလျက် သမ္မာအာဇီဝဖြင့် ဥယျာဉ်စိုက်ပျိုး စားသောက်နေထိုင်ကြပါတယ်။ တစ်ညမှာ ဗားကရာတိုက်ရဲ့ တတိယမြောက်ဖြစ်တဲ့ ဆရာတော်ဦးအာစရက ကျိန်းစက်နေရင်း အိမ်မက်မြင်မက်ရာမှာ အခြားတစ်နေရာမှာ မြွေကဖားကိုလိုက်နေရင်း ဘုရားကြီးတည်မဲ့နေရာအရောက် ဖားကမြွေကိုပြန်လိုက်ပြီး အောင်ပွဲခံခဲ့တယ်လို့  မြင်မက်ပါတယ်။ ဒါနဲ့နံနက်ရောက်တော့ ဆရာတော်က ဦးကြင်ကိုခေါ်ကာ အိမ်မက်သဘောကို ပြောပြပြီး ယခုမောင်မင်းဥယျာဉ်လုပ်ကိုင်နေတဲ့နေရာက ထူးမြတ်ဆန်းကြယ်တဲ့ ၀ိဇယဘူမိလို့ ဆိုအပ်တဲ့ ဘူမိနက်သန်နယ်မြေ ဖြစ်လိမ့်မယ်။ ဒါကြောင့် ဤနေရာဤဌာနမှာ ဥာဏ်တော်မြင့်မြင့်မားမား ဝင့်ကြွားထည်၀ါသပ္ပာယ်စွာနဲ့ ကြည်ညိုဖို့ကောင်းလှတဲ့ ဘုရားကြီးတစ်ဆူတည်ရရင် ကောင်းမယ်လို့ မိန့်တော်မူတယ်။
ဒီအခါမှာ ဦးကြင်တို့ဇနီးမောင်နှံလည်း ဆရာတော်ကြီးမိန့်တဲ့အတိုင်း ဥာဏ်တော်မြင့်မြင့်မားမား ဝင့်ဝင့်ကြွားကြွား ဘုရားတည်ဖို့ရာ မိမိတို့မှာရှိတဲ့ငွေကြေးအတိုင်းအတာအရ ခဲယဉ်းနေတဲ့အတွက် စိတ်ပင်ပန်းခြင်း ဖြစ်ကြပြန်တယ်။ ဒါပေမဲ့ လပြည့်ညတစ်ညမှာ ဇနီးမောင်နှံဟာ ပုတီးကိုယ်စီစိတ်နေကြရင်းနဲ့ နားမခံသာအောင် အော်မြည်နေတဲ့ဖားအော်သံကြောင့် ဥယျာဉ်အလုပ်သမားတစ်ယောက်ကို ခြောက်လှန့်ခိုင်းလိုက်တယ်။ ဖားကခုန်ဆွခုန်ဆွနဲ့အော်မြည်ပြေးရင်း တောင်ပို့ကြီးတစ်ခုထဲကိုဝင်သွားလို့ တောင်ပို့ကိုဖြိုလိုက်တဲ့အခါကျတော့ မြွေဟောက်ကြီးက ခွေလျက်သားပါးပျဉ်းထောင်ပြီး မာန်ဖီနေတာကို တွေ့ရပြန်တယ်။
ဒါနဲ့ ဦးကြင်လည်း ဗုဒ္ဓမန္တန်ကို ရွတ်ဖတ်လိုက်တော့ မြွေကြီးလည်းပျောက်သွားပြီး အဲဒီနေရာကို တူးကြည့်လိုက်တဲ့အခါ အလျား ၆ပေခန့်လောက် ရှည်လျားတဲ့အဖုံးအပိတ်နဲ့တကွ ပိုးရွက်ခြတို့ ကိုက်ခဲခြင်းလုံးဝမရှိပဲ မနေ့ကမှ မြှုပ်နှံထားသလို အသစ်စက်စက် ကျွန်းသေတ္တာကြီးတစ်လုံးကို ထူးဆန်းစွာတွေ့ရပြီး အဖုံးဖွင့် ကြည့်လိုက်တဲ့အခါမှာတော့ လပြည့်နေ့ညရဲ့လရောက်အောက်မှာ ပြောင်လက်ဝင်းပနေတဲ့ ရွှေချောင်းတွေကိုတွေ့လိုက်ရ ပါတယ်။
ရွှေချောင်းတွေကိုရပြီးတဲ့နောက် ဦးကြင်က ယခုဖူးတွေ့ကြည်ညိုနေရတဲ့ ဘုရားကြီးရဲ့ပုံတော်အတိုင်း အိမ်မက်မြင်မက်တဲ့အတွက် ဗိသုကာဆရာကို ပုံတော်ဖမ်းပြီးထုလုပ်စေတဲ့အခါ ရှင်ပင်ရွှေသာလျောင်းပုံတော် (ယခုနှစ်ကျိပ်ရှစ်ဆူဘုရားတန်ဆောင်းအတွင်း) တည်ဆောက်ပြပြီး လက်မခံနိုင််သေးတဲ့အတွက် တင်ပလ္လင်ခွေပုံတော်ကို ထပ်မံထုလုပ်ခိုင်းပြန်တယ်။ ဗိသုကာဆရာလည်း ဒက္ခိဏမုဒြအလှူခံပုံတော်၊ ဗောဓိပုံတော် (ယခုအေးတန်ဆောင်အတွင်း ကိန်းဝပ်စံပယ်တော်မှုသော နောင်တော်ကြီးဘုရား)ကို တည်ဆောက်ကြပြန်တယ်။
ဘုရားတည်သည်ဟုဆိုရာတွင် ပုဂ္ဂလိကဒကာတစ်ဦးတည်းက တည်သည်ဟုဆိုသော်လည်း ရိုးရိုးသားသား လူသားတို့ချည်းတည်ထားမရပါ။ သမ္မာဒေဝနတ်များနှင့် ဂန္ဓာရီဆိုင်ရာပုဂ္ဂိုလ်တို့ရဲ့ ကူညီစောင့်ရှောက်မှု ရိုင်းပင်းကူညီမှုတို့ကြောင့်သာ ဤကဲ့သို့ထုထည်ကြီးမား၍ အချိုးအစားကျနသော ဘုရားတစ်ဆူပွင့်လာတယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။
ဦးကြင်က ဘုရာတည်ဖို့ကြံစည်စိတ်ကူးပြီး စမ်းသပ်မှုတွေပြုလုပ်၍ အလိုဆန္ဒမပြည့်မဝဖြစ်နေချိန်တွင် ဆရာတော်တစ်ပါးက နောက်ပါဒကာ သုံးပြီး(အင်ဂျင်နီယာ၊ ပန်းရံဆရာ၊ လက်သမားဆရာ) တို့နဲ့ ကြွလာပြီး လိုအပ်တဲ့အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ ထုံးတို့အတွက် အကုန်ခံပါ။ မိမိတို့လက်ခ အဖိုးစားနားမယူ၊ ကိုယ့်စရိတ်ကိုယ်စားပြီး ကုသိုလ်ယူပါမယ်ဆို၍ ဘုရားကြီးကိုအောင်မြင်စွာ တည်ထားပြီးစီးနိုင်ခဲ့ပါတယ်။
ဤကား အတုလာဓိပတိ မဟာမနိသကျ ကိုးထပ်ကြီးဘုရားအကြောင်း အကျဉ်းဖြစ်ပါတယ်။ အကျယ်ကိုသိချင်ကြရင်ဖြင့် ကိုးထပ်ကြီးဘုရား အလှူခံဌာနမှာ တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် ဝယ်ယူဖတ်ရှုလေ့လာနိုင်ပါတယ်။ မုနိကိုးဆူမှာ အပါအဝင်ဖြစ်ပြီး ဥာဏ်တော် ၇၂ ပေ ရှိတဲ့ဘုရားကြီး တည်ဖြစ်အောင် နိမိတ်ပြခဲ့တဲ့ ဖားကြီးနဲ့မြွေကြီးတို့ရဲ့ရုပ်ထုတွေကိုလည်း တန်ဆောင်းအဝင်ဝမှာ ဘုရားကြီးအတွက် အလှူခံပေးနေတာ တွေ့ရမှာပါ။

The City Guide Team

A Happy City Guide

City Guide features information of all necessities in Myanmar as well as online marketplace for buying and selling cars, property, ticketing and so on. Plus, we offer FREE Listings of businesses or stuffs to sell on our site.

No reviews for Koe Htat Gyi Pagoda yet. Be the first to leave one!

You must be logged in to submit reviews.   Login Here →