Menu Filter

Kyaik Wine Pagoda

Kyaik Wine Pagoda

Mayangone, yangon

Tags: Kyaik Wine Pagoda, Pagoda

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ကျိုက်၀ိုင်းဘုရားလမ်းရှိ ရှေးဟောင်းသမိုင်း၀င် အပရာဇိတဆံတော်ရှင် ကျိုက်၀ိုင်းစေတီတော်မြတ်ကြီးရဲ့ သမိုင်းအကြောင်းအကျဉ်းကို မတင်ပြမီ နတ်ညွှန်း – အသျှင်ရေးသားသီကုံးခဲ့တဲ့ “ကြည်နူးဖွယ်ရာ စေတီမဟာ” ဆိုတဲ့ သံပေါက်ကဗျာလေးနဲ့ အရင်ဖွင့်ပါရစေ။
မင်းလွင်မြူဆိုင်း ကျိုက်၀ိုင်းစေတီ၊
ရွှေရောင်ထိန်ညီး  ဓါတ်မီးရောင်ခြည်။
စေတီ၀ိုင်းလို့ မှိုင်းညို့ပြာရီ၊
သဒ္ဓါတိုး ရှိခိုအဉ္စလီ။
သမိုင်းကျောက်၀ိုင်း ရောက်တိုင်းပျော်ဖွယ်၊
မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်။
၀ေိ၀ကလမ်း ထက်တန်းရည်ရွယ်၊
တရားမြတ် ပွားအပ်ယောဂီနွယ်။
ကျိုက်၀ိုင်းစေတီတော်မြတ်ကြီးဟာ သုံးလောကထွဋ်ထား ဂေါတမမြတ်စွာဘုရားရဲ့ ဖလသမပတ် ၀င်စားသီတင်းသုံးတော်မူခဲ့ရာ ဌာနကိုငုံအုပ်၍ စေတီပြုလုပ် ကိုးကွယ်ထားသောကြောင့် ပရိဘောဂစေတီ ဟုလည်းကောင်း၊ မြတ်စွာဘုရားရဲ့ ဆံတော်ဓါတ်နှင့် အခြားဓါတ်တော်များကို ဌာပနာထားတဲ့အတွက် ဓါတုစေတီဟုလည်းကောင်း၊ ဘုရားရုပ်ပွားဆင်းတုတော်များနှင့် ရဟန္တာအရှင်မြတ်တွေရဲ့ ရုပ်ပွားတော်တွေ ဌာပနာထားလို ဥဒ္ဒိဿကစေတီတော်ဟု လည်းကောင်း၊ ပိဋကတ်တော်များ ရေးသားထားတဲ့ ပေ၊ပုရပိုက်တို့ကို ဌာပနာထားတဲ့အတွက် ဓမ္မစေတီဟုလည်းကောင်း မည်ထိုက်ကြောင်း သိရပါတယ်။
ဂေါတမမြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က သာ၀တ္တိပြည် ဇေတ၀န် ရွှေကျောင်းတော်၌ သီတင်းသုံးတော် နေတော်မူစဉ် ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကို ကြည်ရှုတော်မူရာ ဤအရပ်ဤဒေသ၌ ကျွတ်တမ်း၀င်နိုင်ကြမည်ကိုမြင်တော်မူတဲ့အတွက် ကျိုက်၀ိုင်းစေတီတော်တည်ရှိရာ ကုန်းမြေကို တစ်ပါးတည်း ကြွရောက်တော်မူလာပြီး မဟေသရနတ်မင်းရဲ့ သားတော်စံမြန်းရာ လှိုဏ်ခေါင်းဥမင်အတွင်း၌ ဖလသမာပတ်၀င်စားပြီး သီတင်းသုံးနေတော်မူတယ်။ မဟေသရနတ်မင်းရဲ့သားတော်က တန်ခိုးကြီးမယ့် သူတစ်ယောက်လို့ယူဆပြီး နှင်ထုတ်ဖို့ ခမည်းတော်နတ်မင်းဆီမှာ အကူအညီတောင်းတယ်။ နတ်မင်းရောက်လာတဲ့ အခါ ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းစိုင်းစိုင်းတော့ နှင်မထုတ်လို၊ အနုနည်းနဲ့သာ နှင်ထုတ်မယ်ဆိုပြီး ဘုရားနဲ့ကိုယ်၀ှက်တမ်းကစားတာနဲ့ တန်ခိုးချင်း ပြိုင်ကြတယ်။
မဟောသရ နတ်မင်းကနှစ်သိန်းလေးသောင်းအထုရှိတဲ့ မဟာပထ၀ီ မြေကြီးရဲ့ အောက်ဆုံးအလွှာကြားမှာ ပုန်းနေတာကို မြတ်စွာဘုရားက သဗ္ဗညုတရွှေဥာဏ်တော်ဖြင့် မြင်တော်မူပြီး မြေကြီးအလွှာတွေ တစ်လွှာချင်းယူ ကြဲပြီးဖေါ်ထုတ်လိုက်တယ်။မြတ်စွာဘုရားအလှည့်ကျတော့ ကိုယ်တော်ကို ပရမာအဏုမြူ မှုန်ခန့်မျှဖန်ဆင်းပြီး မဟေသရရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာရပ်နေတာ စကြာ၀ဠာတစ်တိုက်လုံး နတ်ပြည် ဗြဟ္မာပြည်တို့အပြင် သမုဒ္ဒရာ နဂါးပြည်၊ဂဠုန်ပြည်၊အသုရာ၊ ပြိတ္တာဘုံတို့မှာပါ ရှာမတွေ့တော့မှ မြတ်စွာဘုရား ကိုကိုယ်ထင်ရှားပြရန်တောင်းပန်တယ်၊အဲဒီနောက်ဘုရားက ကိုယ်ထင်ပြပြီး တရားဒေသနာတွေဟောလိ်ု့ မဟေသရနတ်မင်းနဲ့ အပေါင်းပါတွေလည်း သရဏဂုံ သီလခံယူဆောက်တည်ကြတယ်။ဘုရားရှင်လည်း သာသနာနောင်အရှည်ထွန်းကားမယ့် နေရာလို့မြင်တဲ့အတွက် ဆံတော်မြတ်တစ်ဆူ ပေးသနားတော် မူရာမဟေသရနတ်မင်းက ဘုရားရှင်ဖလသမာပတ်၀င်စားခဲ့တဲ့ မြေလှိုဏ်ဘုံဗိမာန်အတွင်း မှာနတ်တို့ဖန်ဆင်း အပ်တဲ့ရတနာကြုတ်တော်မှာထည့်သွင်း ကာတည်ထားကိုးကွယ်ပူဇော်ခဲ့တယ်။ယခုကျိုက်၀ိုင်းစေတီတည် ရှိရာ မဟေသရ ကုန်းတော်ဟာ ရွှေတိဂုံစေတီတော်မြတ်တည်ရှိရာ သိင်္ဂုတ္တရ ကုန်းတော်ရဲ့ အရံ (၉၉) ကုန်းမှာ တစ်ကုန်းအပါအ၀င် ဖြစ််တယ်လို့ဆိုပါတယ်။
ထူပဝင်သမိုင်းစာဟောင်း ပေဟောင်းများအရ မဟေသရနတ်မင်းနဲ့ ဘုရားရှင်တို့ တူတူပုန်းတမ်း ကစားရာ ဌာနတန်ခိုးပြိုင်ရာဌာန၌ စေတီတည်ထား ပြုလုပ် ကိုးကွယ်သောကြောင့် မွန်ဘာသာနဲ့ ကျိုက်- အ၀ိုင်- အွတ် လို့ခေါ်တွင်ခဲ့ကြတယ်။ မြန်မာဘာသာအားဖြင့် ကျိုက်ဆိုတာဘုရား၊အ၀ိုင်ဆိုတာကစားခြင်း ၊အွတ်ဆိုတာ ပုန်းတမ်းလို့ဖြစ်တဲ့အတွက် ပုန်းတမ်းကစားရာ ဌာနက ဘုရားလို့အဓိပ္ပါယ်ရပါတယ်။နောက်ပိုင်းမှာ ကျိုက်- အ၀ိုင်-အွတ် ကနေကျိုက်ဝိုင်းလို့ဖြစ်လာပါတယ်။ မွန်တို့ရဲ့ နောက်ဆုံးမင်း ဟံသာ၀တီပြည့်ရှင် ဘုရင်သမိန်ထောရာမရဲ့နန်းကျနှစ် မြန်မာသက္ကရာဇ်(၉၁၄)ခုနှစ်ကိုကြည့်ရင်စေတီတော် ရဲ့အနည်းဆုံး သက်တော်ကိုလည်း ခန့်မှန်းနိုင်ပါတယ်။
မွန်မင်းတို့ဘုန်းတန်ခိုးအာဏာလွှမ်းမိုးစဉ် အခါကစလို့ စေတီပုထိုးတွေ တည်ထားကိုးကွယ်လာကြရာမှာ သက္ကရာဇ် (၁၂၂၅) ခုနှစ်အရောက်စေတီတော်ကြီးကို ဆက်လက်တည်ထားပြုစုထိုက်တဲ့  ဘိုးသူတော် ဦးကာယဆိုတာရောက်လာပါတယ်။၄င်းဘိုးသူတော်ဟာ သမိုင်းရွာများမှာ စရဂါမ်ပြုလုပ်ပြီး ကျိုက်၀ိုင်းစေတီတော် အနီးရှိဂူတွင်းမှာ တရားအားထုတ်နေပါတယ်။အဘဦးကာယဟာ မင်္ဂလာဒုံ တိုက်သူကြီးမင်း ဦးသာရောက်နဲ့  တိုင်ပင်ပြီးပျက်စီးယိုယွင်းနေတဲ့စေတီတော်မြတ်ကို ပြုပြင်မွမ်းမံခဲ့ကြပါတယ်။
ဘိုးသူတော်ဦးကာယကွယ်လွန်အနိစ္စရောက်တဲ့ ၁၂၃၄ခုနှစ်မှာ မင်္ဂလာဒုံတိုက်သူကြီးမင်း ဦးတာပိုးနဲ့ စေတီတော်တည်ရှိရာအနီးအပါး သမိုင်းရွာ၊ဘိုကုန်းရွာ၊သမိုင်းကုန်းရွာ တို့မှာနှိုးဆော်အားထုတ်တည်ထား ပြုစုကြတဲ့ အတွက် စေတီရံ (၁၁၇)ဆူ အထိရှိခဲ့ပါတယ်။ခေတ်အဆက်ဆက် အလှူရှင်တွေက ပြုပြင်မွမ်းမံတိုးချဲ တည်ဆောက်ခဲ့တဲ့အတွက် စေတိတော်မြတ်ကြီးရင်ပြင်တော်ပေါ်မှာ သာသနိက အဆောက်အဦးတွေနဲ့ စည်ပင်လို့နေပါတယ်။၁၃၀၁ ခုနှစ ်ကဆုန်လမှာ ရန်ကုန်မြို့၊ လသာလမ်းရှိ ဒါယိကာမကြီး ဒေါ်ဒေါ်သင်း၊ သားသူဌေးကေဘကြီးနဲ့ သားသမီးတစ်စုတို့က ထီးတော်သစ်တင်လှူ ပူဇော်ခဲ့ပါတယ်။
မြတ်စွာဘုရားရဲ့ ဆံတော်အစစ်ကိုဌာပနာထားတဲ့အတွက် အပရာဇိတ ဆံတော်ရှင ်ကျိုက်၀ိုင်းစေတီ တော်မြတ်ကြီးဟာ  ရှေးဟောင်းသမိုင်း၀င် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်လို့ သွားရောက် ဖူးမြော်သင့်လှပါတယ်။ ကျိုက်၀ိုင်းဘိုးဘိုးကြီးထံမှာလည်း အဓိဌာန်တွေပြုလို့ လိုရာဆုတောင်းနိုင်ကြပါတယ်။

The City Guide Team

A Happy City Guide

City Guide features information of all necessities in Myanmar as well as online marketplace for buying and selling cars, property, ticketing and so on. Plus, we offer FREE Listings of businesses or stuffs to sell on our site.

No reviews for Kyaik Wine Pagoda yet. Be the first to leave one!

You must be logged in to submit reviews.   Login Here →