Menu Filter

Mae Lamu Pagoda

Mae Lamu Pagoda

North Oakkala, Yangon

Tags: Mallamu Pagoda, Pagoda

ဆုတောင်းပြည့်မယ်လမုစေတီတော်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ ၁၉၆၀ ခုနှစ်ခန့်မှာ ဘုရားငုတ်တိုအဆင့်ကနေ မြေကြေးရှင် အမှုဆောင်အရာရှိ (စိုက်ပျိုးဝင်) ဦးလှမြင့် (ဘီအက်စီ) ၏ ဇနီး ဒေါ်စောညွန့်ရီက အိပ်မက်အရဟု ဆို၍ စေတီငုတ်တိုများ၊ သစ်ပင်များကို ဖယ်ရှား ရှင်းလင်းရာမှာ ထွက်ပေါ် ရရှိလာတဲ့ ဌာပနာ အထောက်အထားများအရ ရွှေတိဂုံစေတီတော်ကြီးရဲ့ မူလဒါယကာ ဥက္ကလာပမင်းကြီးရဲ့ မယ်တော် မယ်လမု တည်ထားကိုးကွယ်ခဲ့တာ ဖြစ်မယ်လို့ အတည်ပြုခဲ့ကြပါတယ်။

ဒဏ္ဍာရီဆန်ဆန် သမိုင်းစကားတွေအရ မယ်လမုသီးကြီးကနေ သံသေဒဇ မွေးဖွားလာတဲ့ သတို့သမီးငယ်ကို တိဿရသေ့ကြီးက မွေးမြူခဲ့ပြီး အရွယ် ရောက်လာတဲ့အခါ သိကြားမင်းက လူအသွင် ဖန်ဆင်းပြီး သတို့သမီးကို ရသေ့ကြီးထံ တောင်းယူထိမ်းမြားပြီး တာ၀တိံသာသို့ ပြန်ပါတယ်။ လူ့ပြည်မှာ ကျန်ရစ်တဲ့ သန္ဓေသူ မယ်လမုရဲ့ လွမ်းဆွတ် ပူဆွေးမှု အကြောင်းစုံကို သိရှိပေမယ့် လူ့ပြည်သို့ ဆင်းရန် မဖြစ်နိုင်တဲ့အတွက် တာ၀တိံသာက နတ်ကျေးလုလင်ကို မြကျည်တောက် သုံးခု ယူဆောင်စေပြီး မယ်လမုကို ပေးစေပါတယ်။

လမ်းခရီးမှာ သိကြားမင်းရဲ့ မိဖုရားတွေ နှောင့်ယှက်လို့ နတ်ကျေးလုလင်ဟာ မြကျည်တောက်တစ်လုံးသာ ယူဆောင်လာနိုင်ပြီး မယ်လမု သောက်သုံးရတဲ့အတွက် သားတော် ဥက္ကလာပမင်းကြီးကို မွေးဖွားတယ်လို့ ဆိုပါတယ်။

ဘုရားငုတ်တိုကို ဖျက်ခဲ့စဉ်က တွေ့ရတဲ့ မှန်စီထားတဲ့ ကြုတ်ကလေးတစ်ခုအတွင်း မိန်းမပုံ ရုပ်ထုလေးကို တွေ့ရပြီး ရွှေတိဂုံဘုရားရဲ့ အလယ်ပစ္စယံက သိကြားမင်းပုံတော် အောက်မှာရှိတဲ့ မယ်တော် မယ်လမုပုံနဲ့ လက်အနေအထား အနည်းငယ် ကွဲတာက လွဲလို့ ဦးခေါင်း၊ ဆံထုံး၊ ထိုင်နေဟန်တို့မှာ တထေရာတည်း တူတာ တွေ့ရပါတယ်။ ဒီအထောက်အထားတွေအရ “မယ်လမုစေတီတော်” လို့ ဘွဲ့မည်ထားသမုတ်ရာကနေ နောင်မှာ “ဆုတောင်းပြည့် မယ်လမု စေတီတော်”လို့ ဘွဲ့မည် သမုတ်ခဲ့ပါတယ်။

ဘုရားငုတ်တိုကို အစဦးဆုံး တာ၀န်ခံ ပြုပြင်ခဲ့တဲ့ ဒေါ်စောညွန့်ရီထံကနေ ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှ စိန်ရွေရတနာကုန်သည် ဦးတင်အောင်က ဆက်လက် လွှဲပြောင်းယူပြီး ဆက်လက် မွမ်းမံပြုပြင်ခဲ့ပါတယ်။ အဲ့ဒီနောက် မြို့နယ် လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီကို လွှဲခဲ့ပြီး အဆင့်ဆင့်သော ဂေါပကအဖွဲ့တွေကနေ တာ၀န်ယူ ပြုပြင်ခဲ့တာ ဒီနေ့အခြေအနေအထိ ရောက်ခဲ့ပါတယ်။

အခုဆိုရင် မယ်လမုစေတီတော် ပရဝုဏ်မှာ လျောင်းတော်မူ ရုပ်ပွားတော်၊ ဓမ္မစကြာ တရားဦး ဟောတော်မူပုံ၊ သူမေဓါရှင်ရသေ့ ဗျာဒိတ်ခံယူနေပုံ၊ ဆွမ်းဦးဘုန်းပေး ဘုရား၊ အောင်ခြင်းရှစ်ပါး သရုပ်ဖော်ပုံ၊ ဆံတော်ပေးဘုရား၊ ဥပကကုန်း၊ ရှင်ရာဟုလာအဆောင်တော် စသဖြင့် ဖူးမျှော်စရာ သာသနိက အဆောက်အဦးတွေ တော်တော်များများ တိုးပွားလာတာ တွေ့ရပါတယ်။

စေတီတော်အောက်ခြေပစ္စယံ (၁၁၄) ပေ၊ အထက်တွင် လမုသီးပုံသဏ္ဍာန်ပေါ်၌ လုံးပတ်တော် (၉၉) ပေ၊ ဥာဏ်တော်ပေ (၇၀) အမြင့်ဖြင့် ရွှေရောင်ဝင်းကာ ကြည်ညိုသဒ္ဓါပွားဖွယ်ရာ မယ်လမုစေတီတော်ကြီးဟာ မြောက်ဥက္ကလာပမြို့အ၀င် လမ်းမကြီးဘေးမှာပဲ ရှိလို့ အလွယ်တကူ ဝင်ရောက်ဖူးမျှော်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

The City Guide Team

A Happy City Guide

City Guide features information of all necessities in Myanmar as well as online marketplace for buying and selling cars, property, ticketing and so on. Plus, we offer FREE Listings of businesses or stuffs to sell on our site.

No reviews for Mae Lamu Pagoda yet. Be the first to leave one!

You must be logged in to submit reviews.   Login Here →